ဝက်သက်

ဝက်သက်သည် အလွန့်အလွန်ပင် ကူးစက်လွယ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် အထူးသဖြင့် ကလေးငယ်များအတွက် ပြင်းထန်ပြီး အသက်ပင်သေစေနိုင်ပါသည်။ ဝက်သက်ကို ကြိုတင်ကာကွယ်ရန် ဘေးကင်းပြီး ထိရောက်မှုမြင့်မားသော ကာကွယ်ဆေးတစ်မျိုး ရှိပါသည်။ အသက် 1 နှစ်နှင့် အထက် ကလေးများကို ဝက်သက် ကာကွယ်ဆေးထိုးနှံရန် အကြံပြုထားပါသည်။ ဝါရှင်တန်ပြည်နယ်တွင် ကျောင်းနှင့် နေ့ကလေးထိန်းကျောင်းသို့ တက်ရောက်ရန် ဝက်သက်ကာကွယ်ဆေး ထိုးနှံထားရပါမည်။ နေ့ကလေးထိန်းစင်တာ သို့မဟုတ် မူကြိုတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကလည်း ဝက်သက်ကာကွယ်ဆေး ထိုးနှံထားရပါမည်။ အမေရိကန်ပြည်ထောင်စုတွင် “Measles, Mumps and Rubella (MMR၊ ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ)” နှင့် “Measles, Mumps, Rubella and Varicella (MMRV၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနှင့် ရေကျောက်ရောဂါ)” ဟုခေါ်သည့် ဝက်သက်ကာကွယ်ဆေးများကို ရနိုင်ပါသည်။

ဝက်သက် ဗိုင်းရပ်စ် အချက်အလက်များ

  • ဝက်သက် ဗိုင်းရပ်စ်သည် လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါသည်။ ဗိုင်းရပ်စ်သည် ဝက်သက်ပေါက်နေသော လူတစ်ဦးရှိနေသည့် အခန်းတစ်ခန်းတွင် နှစ်နာရီကြာအောင် ရှိနေနိုင်သောကြောင့် ဗိုင်းရပ်စ်ရှိသည့် တစ်စုံတစ်ယောက် အနီးနားသို့ သွားပါက သင်ဝက်သက်ကူးနိုင်ပါသည်။
  • ကူးစက်ထားသူ အဖုအပိမ့်မဖြစ်မီ 4 ရက်အလိုနှင့် အဖုအပိမ့် ပေါ်လာပြီးနောက် 4 ရက်အထိတိုင်အောင် ထိုလူ့ထံမှ သင်ဝက်သက်ရောဂါ ကူးစက်နိုင်ပါသည်။
  • ကိုယ်ခံအားမရှိသည့် လူတိုင်းနီးပါးသည် ဝက်သက်ဗိုင်းရပ်စ်နှင့် ထိတွေ့ပါက ဝက်သက်ကူးစက်ခံရပါမည်။
  • နိုင်ငံခြား ခရီးသွားခြင်း သို့မဟုတ် နိုင်ငံခြား ခရီးသွားများနှင့် ထိတွေ့မှုကြောင့် ဝက်သက်ရောဂါ ရရှိနိုင်ခြေ ပိုများစေနိုင်ပါသည်။

Rubeola ဟုလည်းခေါ်သည့် ဝက်သက်သည် ကလေးအရွယ်တွင် အဖုအပိမ့်/ကိုယ်ပူ ဖျားနာမှုဖြင့် သေစေနိုင်ခြေ အများဆုံး ဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာအနှံ့တွင် ကလေးများ သေဆုံးမှု ဖြစ်စေသည့် အဓိက အကြောင်းရင်း ဖြစ်ပါသည်။ U.S. Centers for Disease Control and Prevention (အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စင်တာ) တွင် နိုင်ငံအနှံ့အပြား ဝက်သက်ကူးစက်မှု (အင်္ဂလိပ်နှင့် စပိန်ဘာသာဖြင့်သာ) ဆိုင်ရာ အချက်အလက်များ ရှိပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းသည် ဝက်သက်ရန်မှ အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါသည်။ ဝက်သက် ကာကွယ်ဆေးသည် ဘေးကင်းပြီး ထိရောက်မှု မြင့်မားပါသည်။ သင်ကိုယ်တိုင်နှင့် သင့်ကလေးများကို ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ (MMR) ကာကွယ်ဆေး (အင်္ဂလိပ်နှင့် စပိန်ဘာသာဖြင့်လင့်ခ်) ဖြင့် သေချာကာကွယ်ပေးပါ။

ဝက်သက် ရောဂါလက္ခဏာများ

An infant with measles

ဝက်သက်က ဤအခြေအနေများနှင့်အတူ စတင်ပါသည် -

  • ကိုယ်ပူခြင်း
  • ဝမ်းလျှောခြင်း
  • ချောင်းဆိုးခြင်း
  • နှာရည်ယိုခြင်း
  • မျက်လုံးနီခြင်းနှင့် မျက်ရည်ကျခြင်း
  • အားကုန်မောပန်းခြင်း

များသောအားဖြင့် ရက်အနည်းငယ်ကြာပြီးနောက် မျက်နှာပေါ်တွင် အဖုအပိမ့်များ စတင်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပါသည်။

အထူးသဖြင့် နာတာရှည် ဆေးဘက်ဆိုင်ရာ ပြဿနာများရှိသည့်၊ ကိုယ်ဝန်ရှိသည့် သို့မဟုတ် အာဟာရချို့တဲ့သည့် လူအချို့တွင် ဝက်သက်သည် အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ထိခိုက်မှု၊ မျက်စိမမြင်မှု၊ နားမကြားမှုနှင့် သေဆုံးမှုတို့ကဲ့သို့ ဆိုးရွားသော ပြဿနာများလည်း ဖြစ်စေနိုင်ပါသည်။

ဝက်သက်သည် 7 ရက်မှ 10 ရက်အထိ ကြာမြင့်တတ်ပါသည်။

MMR ကာကွယ်ဆေးအကြောင်း

MMR ကာကွယ်ဆေး (အင်္ဂလိပ်နှင့် စပိန်ဘာသာဖြင့်လင့်ခ်) သည် ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးပါသည်။ MMRV ဟုခေါ်သည့် ကာကွယ်ဆေးနောက်တစ်မျိုးသည် အဆိုပါ ရောဂါသုံးမျိုးအပြင် ရေကျောက်ရောဂါကိုလည်း ကာကွယ်ပေးပါသည်။ ဝက်သက်သီးသန့် ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုတွင် မရနိုင်ပါ။

ကလေးများက ဆေးနှစ်လုံး ထိုးနှံသင့်ပါသည် - အသက် 12 လနှင့် 15 လကြား ထိုးဆေးတစ်ကြိမ်နှင့် အသက် 4 နှင့် 6 နှစ်ကြား ဒုတိယတစ်ကြိမ် ဖြစ်ပါသည်။ သင့်မိသားစုက အမေရိကန်ပြည်ထောင်စုပြင်ပသို့ ခရီးသွားမည်ဆိုပါက သင့်ကလေးသည် အသက် 6 လမှ 12 လကြားတွင် ထိုးဆေးနောက်တစ်လုံး ထုံးနှံနိုင်ပါသည်။

1956 ခုနှစ်နောက်ပိုင်း မွေးဖွားသည့် အရွယ်ရောက်ပြီးသူများသည် ဆေးမထိုးရသေးပါက MMR ထိုးဆေးတစ်လုံး လိုအပ်နိုင်ပါသည်။

သင့်ကလေးများအတွက် MMR သို့မဟုတ် MMRV ကို ရရှိရန် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။ ဝါရှင်တန်ပြည်နယ်တွင် ကလေးများအတွက် အသက် 18 နှစ်အထိ MMR နှင့် MMRV ကာကွယ်ဆေးများ အခမဲ့ ပံ့ပိုးပေးပြီး ၎င်းတို့ကို ပြည်နယ်အနှံ့ရှိ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများထံမှ ရနိုင်ပါသည်။ ဝန်ဆောင်မှု ပေးသူများသည် ကာကွယ်ဆေးထိုးနှံရန် ဆေးခန်းပြသစရိတ်နှင့် စီမံခန့်ခွဲခဟုခေါ်သည့် ကာကွယ်ဆေး ထိုးပေးခကို ကောက်ခံနိုင်ပါသည်။ သို့သော် စီမံခန့်ခွဲခကို သင်မတတ်နိုင်ပါက ကင်းလွတ်ခွင့်ပေးပါရန် သင်၏ ဝန်ဆောင်မှုပေးသူကို တောင်းဆိုနိုင်ပါသည်။

သင် သို့မဟုတ် သင့်ကလေးတွင် ယခင်က MMR၊ MMRV သို့မဟုတ် နောက်ထပ် ဝက်သက်ကာကွယ်ဆေးတစ်မျိုး ထိုးထားပြီးသော်လည်း ကာကွယ်ဆေးထိုးခြင်းကို ပြသသည့် ဆေးဘက်ဆိုင်ရာမှတ်တမ်း သင့်တွင်မရှိပါက သင် သို့မဟုတ် သင်၏ ကလေးသည် MMR သို့မဟုတ် MMRV ထိုးဆေးကို ထပ်မံထိုးနှံရန် လိုအပ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးနှံပြီးသား လူများအတွက်ပင် ကာကွယ်ဆေး အပိုဆောင်း တစ်လုံးကို ထိုးနှံခြင်းက ဘေးကင်းစိတ်ချရပါသည်။

ဝါရှင်တန်ပြည်နယ်တွင် ကလေးစောင့်ရှောက်ရေးဌာန၊ Early Childhood Education and Assistance Program (ECEAP, အစောပိုင်း ကလေးပညာရေးနှင့် အထောက်အကူ ပရိုဂရမ်) နှင့် Head Start (အကျောပေး စတင်မှု) အစီအစဉ်တို့မှ ဝန်ထမ်းများနှင့် လုပ်အားပေးသူများသည် ဝက်သက်ကာကွယ်ဆေး ထိုးထားရန် လိုအပ်ပါသည်။

သင်က ဝက်သက်ကာကွယ်ဆေးကို ထပ်မံ၍ မထိုးလိုပါက သင့်တွင် ကိုယ်ခံအား ရှိ၊ မရှိ သိနိုင်ရန်အတွက် စမ်းသပ်ပေးရန် သင်၏ဆရာဝန်ကို အကူအညီ တောင်းနိုင်ပါသည်။ ၎င်းကို ပဋိပစ္စည်း တိုင်းတာမှုဟုလည်း ခေါ်ပါသည်။ ဤစမ်းသပ်မှုအတွက် အာမခံ အကျုံးမဝင်ခြင်း ရှိနိုင်ပါသည်။

ကျွန်ုပ်တို့ အားလုံးကို ကာကွယ်ဖို့ အတူရပ်တည်ပေးပါ - Jaxon ၏ ဇာတ်လမ်း

ဝါရှင်တန်ပြည်နယ် Port Orchard မြို့မှ Paula Abalahin က သူမ၏ သားလေး Jaxon ၏ ဇာတ်လမ်းကို မျှဝေပေးလိုက်ပါသည် -

Paula hugging Jaxon

 
ကျွန်မရဲ့ သားလေး Jaxon က ကာကွယ်ဆေး ထိုးမရနိုင်အောင် ငယ်လွန်းတဲ့ အသက် 7 လအရွယ်တုန်းက ဝက်သက်ပေါက်ဖူးပါတယ်။ သူသက်သာလာခဲ့ပေမယ့် ငါးနှစ်ကြာတဲ့အခါ အတက်ရောဂါ စဖြစ်လာပါတယ်။ သူက မျိုချခြင်း၊ စကားပြောခြင်းနှင့် လမ်းလျှောက်ခြင်း စွမ်းရည်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးနောက်တော့ နှစ်အနည်းငယ်အကြာမှာ Jaxon သေဆုံးခဲ့ပါတယ်။ ဝက်သက်ဗိုင်းရပ်စ်က သူ့ရောဂါဝေဒနာကို ဖြစ်စေခဲ့တာပါ။

“ထိရောက်တဲ့ ကာကွယ်ဆေး ရှိပေမယ့် ဝက်သက်က ကမ္ဘာအနှံ့မှာ ကလေးတွေ သေဆုံးရခြင်းရဲ့ အဓိက တရားခံ ဖြစ်နေဆဲပါ။ ကျွန်မတို့ရဲ့ ရပ်ရွာတွင်းမှာ မိဘတွေက သူတို့ရဲ့ကလေးတွေကို အပြည့်အဝ ကာကွယ်ဆေးထိုးမပေးကြဘဲ ကလေးတွေကို ဝက်သက်နဲ့ တခြားဆိုးရွားတဲ့ ရောဂါတွေ ကူးစက်ပျံ့နှံ့စေခဲ့ပါတယ်။ ကျွန်မရဲ့ဇာတ်လမ်းက တခြားကလေးတွေ ကျွန်မသားလေး ခံစားခဲ့ရသလို မခံစားရစေဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။”

ဝက်သက် ရင်းမြစ်များ

အင်္ဂလိပ်ဘာသာသီးသန့် ဝက်သက် ရင်းမြစ်များ