ကာလရှည် COVID

ကာလရှည် COVID က ဘာလဲ။

တစ်စုံတစ်ဦးက COVID-19 ကြောင့် နာမကျန်းဖြစ်ပြီးနောက်တွင် ကာလရှည် COVID ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် နာတာရှည်ရောဂါဖြစ်သည်။ အကြာကြီးရှိနေတတ်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါသည်။ "COVID နောက်ဆက်တွဲ ရောဂါစု၊ COVID-19 နောက်ဆက်တွဲရောဂါ (PCC)" သို့မဟုတ် "နာတာရှည် COVID" ဟုလည်း တစ်ခါတစ်ရံ ခေါ်သည်။

ကာလရှည် COVID သည် သန်းပေါင်းများစွာသော အမေရိကန်လူမျိုး အရွယ်ရောက်ပြီးသူများနှင့် ကလေးများကို သက်ရောက်ခဲ့သော ပြင်းထန်သည့် လူထုကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါသည်။ ရောဂါလက္ခဏာများသည် အပျော့စားမှ အပြင်းစားအထိရှိနိုင်ပြီး အနည်းဆုံး သုံးလအထိ ကြာသည်။ အချို့သောသူများတွင် ကာလရှည် COVID က မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါသည်။

ကာလရှည် COVID သည် ရောဂါအသစ်ဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ သိပ်မသိရသေးပါ။ COVID-19 ဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်ကို 2019 တွင် ပထမဆုံး တွေ့ရှိခဲ့သည်။ သုတေသန ဆက်လက်လုပ်ဆောင်နေရင်း ကျွန်ုပ်တို့ ပိုမိုလေ့လာသိရှိလာရမည်ဖြစ်သည်။

ကာလရှည် COVID ၏ ရောဂါလက္ခဏာများ

ကာလရှည် COVID ၏ လက္ခဏာများသည် COVID-19 ကူးစက်ခံရပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ရှိနေနိုင်ပါသည်။ လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး သိရှိရန် သို့မဟုတ် ရောဂါအမည်တပ်ရန် ခက်ခဲနိုင်ပါသည်။

Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ) အရဆိုလျှင် ကာလရှည် COVID ၏ ရောဂါလက္ခဏာ 200 ကျော်ရှိပါသည်။ ရောဂါလက္ခဏာများသည် ကာယ သို့မဟုတ် ဉာဏအားစိုက်ထုတ်ပြီးလျှင် ပိုဆိုးလာနိုင်ပါသည်။ တွေ့ရအများဆုံး ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-

  • နေ့စဉ်ဘဝကို နှောင့်ယှက်နေသော ပင်ပန်းနွမ်းနယ်မှု
  • ကာယ သို့မဟုတ် ဉာဏအားစိုက်ထုတ်ပြီးလျှင် ယေဘုယျအားဖြင့် နေထိုင်မကောင်းခြင်း (ဖော်ပြရခက်နိုင်သည်)
  • တွေးတောရန် သို့မဟုတ် အာရုံစိုက်ရန် ခက်ခဲခြင်း၊ “ဦးနှောက် ဝေဝါးခြင်း” ဟုလည်း ခေါ်သည်
  • ဖျားခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ချောင်းဆိုးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ခြင်း (ရင်တုန်ခြင်း)
  • အနံ့ နှင့်/သို့မဟုတ် အရသာ ပြောင်းလဲခြင်း
  • ခေါင်းကိုက်ခြင်း
  • အိပ်စက်ခြင်းနှင့်ပတ်သက်သော ပြဿနာများ
  • စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း
  • ထိုင်ရာမှထလျင် မူးဝေခြင်း
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သား နာကျင်ကိုက်ခဲခြင်း
  • တဆစ်ဆစ်နာကျင်ခြင်း
  • ဗိုက်နာခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • အင်ပျဉ်ဖြစ်ခြင်း
  • ဓမ္မတာစက်ဝန်းအပြောင်းအလဲများ ဖြစ်ပေါ်ခြင်း

ဘယ်သူတွေက ကာလရှည် COVID ဖြစ်နိုင်ပါသလဲ။

COVID-19 ဖြစ်ဖူးသူတိုင်း ၎င်းတို့ COVID-19 ဖြစ်ခဲ့စဉ်က ရောဂါလက္ခဏာများ မပြခဲ့လျှင်ပင်ကာလရှည်COVIDဖြစ်နိုင်သည်။ COVID-19 ကို တစ်ခါထက်ပိုဖြစ်ခဲ့သူများသည် တစ်ခါကူးစက်ခံရတိုင်း ကာလရှည် COVID ဖြစ်နိုင်ခြေရှိသည်။

June 2024 တွင် ထုတ်ဝေခဲ့သော သုတေသန အရဆိုလျှင် October 2023 အထိ ဝါရှင်တန်ပြည်နယ်ရှိ အရွယ်ေရာက်ပြီးသူ 6.4% သည် ကာလရှည် COVID ကို ခံစားနေရသည်။ ခန့်မှန်းခြေ 117,000 ဦးသည် လုပ်ငန်းဆောင်တာအကန့်အသတ်များ သိသိသာသာ ရှိခဲ့ကြသည်။ ကာလရှည် COVID ဖြစ်နှုန်းသည် ဤအချိန်တွင် ဝါရှင်တန်ပြည်နယ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် အများဆုံးဖြစ်သည်ကိုလည်း တွေ့ရှိခဲ့သည်။ ကာလရှည် COVID ရှိနေသော ဝါရှင်တန်ပြည်နယ် အရွယ်ရောက်ပြီးသူရာခိုင်နှုန်းကို Household Pulse Survey (အိမ်ထောင်စုအခြေအနေစစ်တမ်း) ဖြင့် ပုံမှန် ခန့်မှန်းသည်။

အောက်ပါတို့သည် ကာလရှည် COVID ပိုဖြစ်နိုင်သူများ ဖြစ်ကြကြောင်း CDC က ဆိုပါသည် -

  • အမျိုးသမီးများ။
  • သက်ကြီးရွယ်အိုများ။
  • ကျန်းမာရေးပြဿနာ အခံရှိသူများ။
  • ဟစ္စပန်နစ်နှင့် လက်တင်လူမျိုးများ။
  • COVID-19 ကြောင့် အလွန်ဖျားနာနေသူများ သို့မဟုတ် ဆေးရုံတက်ရသောသူများ။
  • COVID-19 ကာကွယ်ဆေး မထိုးခဲ့သူများ။ 

ကျန်းမာရေးမမျှတမှုများ ခံစားနေရသောသူများသည် ကာလရှည် COVID မှ ကျန်းမာရေးထိခိုက်မှုများ ဖြစ်နိုင်ခြေ ပိုများနိုင်ပါသည်။ ကျန်းမာရေးမမျှတမှုများသည် လူတစ်စုက စနစ်ကြောင့်ဖြစ်သော (စနစ်တစ်ခုလုံးကို သက်ရောက်သည်)၊ ရှောင်ရှား၍ရနိုင်ပြီး တရားမျှတမှုမရှိသော အကြောင်းရင်းများကြောင့် မတူညီသော ကျန်းမာရေးရလဒ်များ ရရှိသည့်အခါတွင် ဖြစ်ပေါ်သည်။

Office of the Assistant Secretary of Health (OASH, ကျန်းမာရေး လက်ထောက်အတွင်းရေးမှူးရုံး) အရဆိုလျှင် ကျန်းမာရေးစောင့်ရှောက်မှု ရရှိမှုနည်းသော သို့မဟုတ် ကျန်းမာရေးစနစ်တွင် အမြင်လွဲမှားမှုခံရသော (အရှက်ရခြင်း သို့မဟုတ် အပြစ်ရှိသည်ဟု ခံစားရခြင်း) အုပ်စုသည် ကာလရှည် COVID ရောဂါတွေ့ရှိနိုင်ခြေ နည်းပါသည်။

OASH က ကာလရှည် COVID မမျှတမှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းနေသည်ကို ဤတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

ကာလရှည် COVID ကို ကြိုတင်ကာကွယ်ခြင်း

သင်သည် COVID-19 ကူးစက်မခံရအောင်နေခြင်းဖြင့် ကာလရှည် COVID ကို ကြိုတင်ကာကွယ်နိုင်ပါသည်။ COVID-19 ကာကွယ်ဆေးသတင်းများအကြောင်း နားစွင့်နေခြင်းသည် COVID-19 အတွက် သင်၏အကောင်းဆုံး ခံစစ်ဖြစ်ပါသည်။ 
ကာကွယ်ဆေးထိုးပြီးသော်လည်း COVID-19 ဖြစ်ထားသောသူများသည် ကာကွယ်ဆေးထိုးမထားသူများထက် ကာလရှည် COVID ဖြစ်လာနိုင်ခြေပိုနည်းပါးသည်။

COVID-19 ကူးစက်ရောဂါကို ကာကွယ်ရန် သင်အသုံးပြုနိုင်သော အခြားအရာများတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လေအဝင်အထွက်ပိုကောင်းအောင်လုပ်ခြင်းနှင့် လေသန့်စင်ခြင်း ၊ သင့်လက်များကို ဆပ်ပြာနှင့်ရေဖြင့် မကြာခဏဆေးခြင်း၊ မကြာခဏထိတွေ့သော မျက်နှာပြင်များကို သန့်စင်ခြင်း၊ ခပ်ခွာခွာနေခြင်းနှင့် စမ်းသပ်ခြင်းတို့ ပါဝင်သည်။

သင့်တွင် COVID-19 ရှိပါက ဤ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် အခြားသူများကို COVID-19 မကူးစေရန် ကာကွယ်ပါ။

သင့်ကိုယ်သင် ကာလရှည် COVID မဖြစ်အောင် ကာကွယ်ပါ - ကာကွယ်ဆေးထိုးပါ (အင်္ဂလိပ်ဘာသာ) (PDF)

COVID-19 အတွက် ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ

အသစ်နှင့် ရှိရင်းစွဲ ကျန်းမာရေးအခြေအနေများ

ကာလရှည် COVID သည်များစွာသော ကိုယ်တွင်းကလီစာ စနစ်များကို သက်ရောက်နိုင်ပါသည်။ လူနာများသည် ကိုယ်ခံအားက မိမိကို ပြန်တိုက်ခိုက်သည့် အခြေအနေများနှင့် Myalgic Encephalomyelitis/နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်းရောဂါစု (ME/CFS) ကဲ့သို့သော ရောဂါအမည်တပ်နိုင်သော အခြေအနေများ ပြနိုင်ပါသည်။

COVID-19 ရောဂါရှိသူများသည် ဆီးချိုရောဂါ သို့မဟုတ် နှလုံးရောဂါများကဲ့သို့ ကျန်းမာရေးဆိုင်ရာ ပြဿနာအသစ်များ ဖြစ်ပေါ်နိုင်ခြေပိုများသည်ဟု ဆိုလိုပါသည်။ ဆီးချိုနှင့် နှလုံးရောဂါကဲ့သို့ ရှိရင်းစွဲ ကျန်းမာရေးအခြေအနေများသည်လည်း COVID-19 ကူးစက်ပြီးနောက် ပိုဆိုးရွားလာနိုင်ပါသည်။

ကာလရှည် COVID နှင့် နေထိုင်ခြင်း

ကာလရှည် COVID ကို မည်သို့ ရောဂါရှာဖွေရမည်နှင့် ကုသရမည်နှင့်ပတ်သက်၍ အတော်များများကို မသိရသေးပါ။ ကာလရှည် COVID ရှိခြင်း သို့မဟုတ် ကာလရှည် COVID ရှိသော တစ်စုံတစ်ဦးကို ကူညီခြင်းတို့သည် စိတ်ရှုပ်ထွေးမှု ဖြစ်စေနိုင်ပါသည်။ ကာလရှည် COVID သည် တစ်ဦးနှင့်တစ်ဦး မတူညီသော ရောဂါလက္ခဏာများ ပြနိုင်ပါသည်။ လက္ခဏာများသည် အချို့သောသူများအတွက် ဖြေရှင်းရန်လွယ်ကူသော်လည်း အချို့သောသူများတွင် မသန်စွမ်းမှုများ ဖြစ်စေနိုင်ပါသည်။

သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ Centers for Disease Control and Prevention (CDC) အရဆိုလျှင် ကာလရှည် COVID ရှိသော အရွယ်ရောက်ပြီးသူ 4 ဦးလျှင် 1 ဦးက ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကန့်သတ်မှုရှိကြောင်း ဆိုပါသည်။ အထောက်အပံ့အဖွဲ့တစ်ခုတွင် ပါဝင်ခြင်းက သီးခြားဆန်သော ခံစားချက်ကို ပြေလျော့စေနိုင်ပါသည်။

ထပ်မံလေ့လာရန် -

ချိန်ညှိပြင်ဆင်မှုများ တောင်းဆိုခြင်း ချိန်ညှိပြင်ဆင်မှုများဆိုသည်မှာ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုအတွက် အပြောင်းအလဲတစ်ခု လုပ်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာများသည် လူတို့ နာမကျန်းမဖြစ်မီက လုပ်နိုင်ခဲ့သောအရာများကို လုပ်ရန်ခက်ခဲခြင်း သို့မဟုတ် မလုပ်နိုင်ခြင်းတို့ ဖြစ်စေနိုင်သည်။ အလုပ်နှင့် ကျောင်းအလုပ်များသည် စီမံရန် ခက်ခဲနိုင်ပါသည်။ သင့်ရောဂါလက္ခဏာများအတွက် ကျိုးကြောင်းသင့်သော ချိန်ညှိပြင်ဆင်မှုများ ပြုလုပ်ပေးရန် အလုပ်ရှင်များနှင့် ကျောင်းများတွင် တာဝန်ရှိနိုင်ပါသည်။

 ကာလရှည် COVID နှင့် မသန်စွမ်းမှု အခွင့်အရေးများကို အောက်တွင်ကြည့်ပါ။

ထပ်မံလေ့လာရန် -

သင့်ခွန်အားကို စီမံပါ။ အဖြစ်များသော ရောဂါလက္ခဏာမှာ မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်သည်။ အထူးသဖြင့် ကာယ သို့မဟုတ် ဉာဏစိုက်ထုတ်မှု ပြီးလျှင် ဖြစ်တတ်သည်။ သင့်ခွန်အားကို သိပ်မသုံးဘဲ တစ်နေ့တာအတွင်း မကြာခဏအနားယူပါ။

ကာလရှည် COVID တွင် သင့်ခွန်အားကို စီမံနည်း၏ P 4 ခုကို အောက်တွင် လေ့လာပါ - 120-066 - Long-COVID "4 P's" poster - 8.5x11 - June 2023 (wa.gov) (အင်္ဂလိပ်ဘာသာ)

ကာလရှည် COVID နှင့် မသန်စွမ်းမှု အခွင့်အရေးများ

ကာလရှည် COVID သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်စေနိုင်သည်။ ၎င်းသည် Americans with Disabilities Act (ADA, မသန်စွမ်းမှုများရှိသောအမေရိကန်များ ပဋိညာဉ်) တွင်ပါဝင်သော မသန်စွမ်းမှုတစ်ခု ဖြစ်နိုင်သည်။ ကာလရှည် COVID ရှိသူများကို မသန်စွမ်းမှုကြောင့်ခွဲခြားဆက်ဆံခံရခြင်းမှ ဥပဒေအရ အကာအကွယ်ပေးထားသည်။ ၎င်းတို့သည် လုပ်ငန်းများ၊ ပြည်နယ်နှင့် ဒေသန္တရ အစိုးရများထံမှ ကျိုးကြောင်းသင့်သော ချိန်ညှိပြင်ဆင်ချက်များကို ခံစားပိုင်ခွင့်ရှိနိုင်ပါသည်။

ADA အရ မစွမ်းသူအဖြစ် “ကာလရှည် COVID” ဆိုင်ရာ လမ်းညွှန်ချက် (အင်္ဂလိပ်ဘာသာဖြင့်)

ကာလရှည် COVID နှင့် ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်သည် သို့မဟုတ် ကိုယ်ဝန်ရှိကာစသူများသည် COVID-19 ကြောင့် ပို၍ပြင်းထန်သော ဖျားနာမှု ဖြစ်နိုင်ခြေပိုများပါသည်။ COVID-19 သည် ကိုယ်ဝန်ဆောင်ခြင်းနှင့် ဖွံ့ဖြိုးဆဲကလေးငယ်ကို ထိခိုက်စေသည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။ COVID-19 ကာကွယ်ဆေးထိုးခြင်းက ကိုယ်ဝန်ဆောင်များ သို့မဟုတ် နို့တိုက်မိခင်များအတွက် ဘေးကင်းပြီး ကာကွယ်ဆေးထိုးရန် ၎င်းတို့ကို အကြံပြုထားပါသည်။

ကိုယ်ဝန်ဆောင်များသည် ကာလရှည် COVID ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကိုယ်ဝန်ဆောင်ပြီးနောက် ကာလရှည် COVID ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ လေ့လာမှုများ ပြုလုပ်နေဆဲဖြစ်ပါသည်။ 

ကာလရှည် COVID နှင့် လူငယ်

လူငယ်များသည်လည်း ကာလရှည် COVID ကြောင့် ဖျားနာနိုင်သည်။ မကြာခဏပင်ပန်းပြီး အာရုံမစူးစိုက်နိုင်သော လူငယ်များသည် ကျောင်းနှင့်အခြားလုပ်ငန်းဆောင်တာများတွင် ပါဝင်ရန် ခက်ခဲနိုင်ပါသည်။ ကလေးသူငယ်များသည် ၎င်းတို့၏ရောဂါလက္ခဏာများကို ကောင်းမွန်စွာ မဖော်ပြနိုင်ခြင်း ဖြစ်တတ်သည်။

ကာလရှည် COVID ရှိသော ကလေးသူငယ်များသည် အထူးပညာရေး၊ အကာအကွယ်များ သို့မဟုတ် ဆက်စပ်ဝန်ဆောင်မှုများကို ပြည်ထောင်စု ဥပဒေ နှစ်ခုအရ ရပိုင်ခွင့်ရှိနိုင်ပါသည်။

လူငယ်များအား COVID-19 ကာကွယ်ဆေးထိုးပေးခြင်းသည် ၎င်းတို့အား ကာလရှည် COVID မှ ကာကွယ်ရန် အကောင်းဆုံးနည်း ဖြစ်ပါသည်။ ဒီနေရာမှာ COVID-19 ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ။ 

လူထုအတွက် အရင်းအမြစ်များ

သမားတော်များနှင့် လူထုကျန်းမာရေးအတွက် အရင်းအမြစ်များ